သူတို့ရဲ့သွေးစည်းမှု ၊ဇွဲရှိမှု ၊ ဘာမထီသတ္တိခဲနဲ့ သတ်ရဲသေရဲမှုဟာ ကျနော့်ကို ခြောက်ခြောက်ချားချားအံ့သြထိန့်လန့်စေတယ်။
ရန်သူဟေ့လို့ သိလိုက်တာနဲ့အရိုးကြေကြေအရေခမ်းခမ်း ယှဉ်ပြိုင်တိုက်သတ်ဖို့ အသိုက်အအုံထဲကနေအူယားဖားယား ပြေးထွက်လာကြပုံများ မြင်ရတဲ့ကျနော့်ပါးစပ်ကနေ “ဟင်”ကနဲ “ဟာ”ကနဲဆိုတဲ့အာမေဋိတ်တွေ အတုံးလိုက် အတစ်လိုက်
ထွက်ကျစေတယ်။ သူတို့ရဲ့ရန်သူဆိုတာ တိရစ္ဆာန်တစ်ကောင်လည်းဖြစ်ချင်ဖြစ်မယ်၊ လူလည်းဖြစ်ချင်ဖြစ်မယ် သေချာတာတော့ သူတို့ဟာ သူတို့ထက်ကိုယ်ခန္ဓာအဆပေါင်း ဘယ်လောက်ကြီးမားတဲ့ရန်သူကိုပဲဖြစ်ဖြစ် လုံးဝမမှုဘူးဆိုတာပဲ။
ဒီတစ်ခါတော့ သူတို့ကိုကျနော်အင်တာဗျူးဖြစ်ခဲ့ပါတယ်။
သူတို့ဆိုတာက သူတို့ထဲကသူတို့ကိုယ်စား သတ္တိအရှိဆုံး၊ တိုက်ရည်ခိုက်ရည်အကောင်းဆုံးနဲ့တိုက်ပွဲအတွေ့အကြုံအများဆုံး
ဆိုတဲ့ သူရဲကောင်းတစ်ဦးကိုရွေးချယ်ဗျူးခဲ့ခြင်းပါပဲ………..
ကျနော်။ ။ ကဲ…ညီလေးရေ..မင်းတို့ရဲ့သတ္တိကတော့ကမ္ဘာနဲ့အဝန်းမှာ ပြောမဆုံးပေါင်တောသုံးတောင်ဖြစ်နေပါပြီ ကမ္ဘာသူ
ကမ္ဘာသားတွေအယောင်ယောင်အမှားမှားနဲ့အံ့သြတုန်လှုပ်ရတဲ့အထိ
ပြောင်မြောက်လွန်းတဲ့မင်းတို့ရဲ့သတ္တိကို ဘယ်နည်းဘယ်ပုံများမွေးဖွားယူခဲ့ကြသလဲဆိုတာ
အပန်းမကြီးရင် အစ်ကို့ကို ပြောပြစေချင်ပါတယ်။
ခါချဉ်။ ။ဟုတ်ကဲ့…ကမ္ဘာမှာခါချဉ်ဟေ့ရယ်လို့ကြွေးကြော်နိုင်လောက်အောင်ကျနော်တို့သတ္တိပြောင်ရတဲ့
အကြောင်းရင်းကတော့
နံပါတ်(၁) ကျနော်တို့ဟာထိပ်ပြောင်တယ်
နံပါတ်(၂) ကျနော်တို့ဟာဖင်ပြောင်တယ်
အဲတော့ကာ…မထူးတော့ပါဘူးလေဆိုပြီး နံပါတ်(၃)မှာ“သတ္တိ”ကိုပါကျနော်တို့“ပြောင်”လိုက်ရတာပါပဲ ၊
ဒါပါပဲအစ်ကို..
ကျနော်။ ။ အဟဲဟဲ.. ညီလေးကပျော်တတ်တယ်ထင်တယ် အစ်ကိုဆိုလိုတာကလေ ညီလေးတို့အခုလို သတ်ရဲသေရဲအောင်
ညီလေးတို့ခေါင်းဆောင်က ညီလေးတို့ကို ဘယ်လိုအဆွယ်တရားတွေဟောပြီး စည်းရုံးထားလဲ?
ဘယ်လိုမက်လုံးတွေ ရာထူးတွေပေးပြီး ခိုင်းစေထားသလဲ? ဒါမှမဟုတ် မူးယစ်ဆေးနဲ့နွယ်တဲ့ ဥပမာ စိတ်ကြွဆေး
မျိုးပေါ့လေ အဲလိုဆေးတွေ ဝါးတွေများ တိုက်ကျွေးထားတာလားဆိုတာကိုပါ
ခါချဉ် ။ ။ ဒီလိုရှိပါတယ်အစ်ကို ယေဘုယျအားဖြင့်တော့ ကျနော်တို့ခါချဉ်မျိုးတွေဟာ မွေးကတည်းက သတ္တိက ကောင်းနေ
ပြီးသားပါ အခြားမကြည့်နဲ့လေ ဘုရားလောင်းတော်ဆန္ဒန်ဆင်မင်းကိုတောင်မှကျနော်တို့ရဲ့ဘိုးဘေးဘီဘင်
ခါချဉ်တွေကကိုက်ရဲခဲ့သေးတာပဲ အလောင်းတော်ဆန္ဒန်ဆင်မင်းအကြောင်းပြောမယ်ဆိုရင် စူဠသုဘဒ္ဒါရယ်
မုဆိုးရယ်က မပါမပြီးသလို ကျနော်တို့ခါချဉ်ကောင်ရဲ့အခန်းကဏ္ဍကလည်းမသေးခဲ့ပါဘူး တချို့ကတော့
ဇာတ်တော်ထဲမှာ ကျနော်တို့ကိုဗီလိန်အဖြစ်မြင်ချင်မြင်ကြမှာပေါ့လေ ဒါကအရေးမကြီးပါဘူး ကျနော်ပြောချင်တာက
သမိုင်းတွေမှာကျနော်တို့ရဲ့ အရေးပါအရာရောက်မှုဟာသိပ်မသေးခဲ့ဘူးဆိုတာကိုပဲ ခြွင်းချက်အနေနဲ့တော့ တချို့
ခါချဉ်တွေက ခါချဉ်ဖြစ်ရတဲ့ဘဝကိုအရမ်းကျေနပ် အရမ်းသာယာနေကြတာ သာယာနေပျော်ဖွယ်ဖြစ်အောင်လည်း
ခါချဉ်ဘဝကိုအစစအရာရာပြည့်စုံကောင်းမွန်အောင်ဘုရားကဖန်ဆင်းပေးခဲ့တာကိုး အစ်ကိုတို့လို လူဖြစ်ရုံကုသိုလ်
အစုတ်အပဲ့လေးလောက်နဲ့တော့ ကျနော်တို့ရဲ့ ခါချဉ်ဘဝကို ဘယ်မှန်းနိုင်ပါ့မလဲ ဆိုလိုတာကဗျာ ခါချဉ်ဘဝဟာ
ရဖို့ခဲယဉ်းတယ် သိကြားမင်းအဖြစ်နဲ့တောင်မလဲနိုင်တဲ့ဘဝမျိုး ဘယ်ရှုထောင့်ကပဲကြည့်ကြည့် တွယ်တာမက်မော
စရာကြီး တချို့ကိုယ့်ဘဝကို ကိုယ်ပြန်အမက်မောလွန်တဲ့ခါချဉ်တွေကျတော့ တစ်ခုခုဖြစ်ပြီးသေမှာကိုကြောက်နေ
ကြရော သူရဲဘောကြောင်တာပေါ့လေ အဲလိုသူရဲဘောကြောင်တော့ “ရန်သူဟေ့” “သတ်ကြဟေ့”ဆိုတဲ့အသံကြား
ရင်နည်းနည်းဖင်တွန့်ချင်ကြတယ် အဲဒါကို အမြှော်အမြင်ကြီးမားပြီး ဥာဏ်အရာမှာတစ်လောကလုံးထက်သာလွန်တဲ့
ကျနော်တို့ခေါင်းဆောင်က“မင်းတို့ဘာမှမကြောက်နဲ့ ရှေ့တန်းကိုရဲရဲတက် ရဲရဲတိုက် ရဲရဲသေ သေမှာကိုမကြောက်နဲ့
ခါချဉ်သေရင်ခါချဉ်ပဲပြန်ဖြစ်တယ် မင်းတို့ဟာ ဘဝအဆက်ဆက်ကကြီးမားတဲ့ပါရမီအဟုန်ကြောင့်အနှိုင်းအဆမဲ့သာ
လွန်တဲ့ခါချဉ်ဘဝကိုရတာဖြစ်တယ် ဒီလိုကြီးမားတဲ့ပါရမီအဟုန်ဟာမင်းတို့ကိုခါချဉ်အဖြစ်ကနေဘယ်လိုနည်းနဲ့မှမရွှေ့
လျားစေဘူး မြန်မြန်သေလေ မြန်မြန်ပြန်ဖြစ်လေပဲ မစိုးရိမ်ကြလင့် ကျူးကျော်လာသူနယ်ချဲ့မှန်သမျှချေမှုန်းကြလော့
တိုက်ခိုက်ကြလော့ ရဲရင့်ကြလော့ သေကြေကြလော့”ဆိုပြီး အင်မတန်လေးနက်တန်ဖိုးကြီးတဲ့သြဝါဒတွေပေးတယ်
ဒီပုံဒီနည်းနဲ့ကျနော်တို့ခါချဉ်တွေဟာ သတ္တိအရာမှာကမ္ဘာကလက်ဖျားခါရတဲ့အထိသာလွန်ခဲ့ရတယ်ဆိုပါတော့…
ကျနော်။ ။ အရမ်းပြည့်စုံကောင်းမွန်တဲ့အဖြေပါပဲ ကမ္ဘာသူကမ္ဘာသားများကလည်းဒီအဖြေကိုကျေနပ်ကြမှာပါ တစ်လက်
စတည်း အပန်းမကြီးဘူးဆိုရင် ညီလေးတို့ရဲ့အမြင့်ဆုံးပန်းတိုင်နဲ့ရည်မှန်းချက်ဟာ ဘာလဲဆိုတာအစ်ကို့ကိုပြောပြ
ပေးနိုင်မလား?
ခါချဉ်။ ။ ဟုတ်ကဲ့… ကျနော်တို့ဟာသတ္တဝါတွေအားလုံးထဲမှာ အသာလွန်ဆုံး အကြီးကျယ်ဆုံး အမြင့်မြတ်ဆုံးပဲဆိုတာ
ကိုတော့ ထူးပြီးပြောနေစရာမလိုတော့ပါဘူး ကျနော်တို့ဘယ်လိုနေနိုင်တယ် ဘယ်လိုထိုင်နိုင်တယ်ဆိုတာ အစ်ကိုတို့
အသိပဲဖြစ်ပါတယ် ကျနော်တို့ရဲ့အမြင့်မားဆုံးရည်မှန်းချက်ကတော့ တစ်နေ့ကမ္ဘာကိုအုပ်စိုးရမယ်ဆိုတာပါပဲ
တစ်ကယ်တော့လည်း ခါချဉ်တွေအတွက်ဆိုပြီး ဘုရားက ကမ္ဘာကိုဖန်ဆင်းပေးခဲ့တာပါ ခေတ်အဆက်ဆက်က
ကမောက်ကမဖြစ်ခဲ့မှုတွေကြောင့်သာကျနော်တို့ခါချဉ်တွေချောင်ရောက်ခဲ့ကြရတာပါ အခုတော့စလာပါပြီ
ကမ္ဘာကိုကျနော်တို့အုပ်စိုးဖို့လုပ်ပါတော့မယ် သတ္တိအရာမှာကျနော်တို့ကိုယှဉ်နိုင်လောက်တဲ့သတ္တဝါလည်း ဒီကမ္ဘာ
မှာမရှိဖူးသေးဘူးမဟုတ်လား ?
ကျနော်။ ။ အစစ်ပဲညီရေ့ ညီတို့ရဲ့သတ္တိကတော့စံပါပဲ
ခါချဉ်။ ။ “တပ်မတော်ကြီးလည်းချီလာပါပြီ အောင်တပ်မတော်ကြီးလည်း ချီလာပါပြီ” အဲဒီသတ္တိသီချင်းကို မြိုင်မြိုင်ကြီးသီဆိုပြီး
ကမ္ဘာကိုကျနော်တို့သိမ်းပိုက်မှာပါ
ကျနော်။ ။ ဟုတ်ပါပြီညီလေးရေ… အခုလိုတာဝန်ဝတ္တရားတွေမအားလပ်နိုင်အောင်စွမ်းစွမ်းတမံဆောင်ရွက်နေရတဲ့ကြားက
အစ်ကို့အင်တာဗျူးကို စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ရှိကြောင်းပါ
အစ်ကိုလည်းညီတို့နဲ့ထပ်တူ ဆန္ဒပြုခဲ့ပါတယ်
“အရေးတော်ပုံ အောင်ပါစေ”
“အရေးတော်ပုံ အောင်ပါစေ”
“အရေးတော်ပုံ အောင်ပါစေ”
Sunday, September 25, 2011
Interview
paradisefalls Sunday, September 25, 2011 1 comments
Labels: မှတ်စု
Sunday, September 18, 2011
my ps
flickerမှာဝင်ကြည့်ရင်ဖိုတိုရှော့ဘိုးအေကြီးတွေရဲ့လက်ရာတွေကအံ့မခန်းပါပဲ
သူတို့ကိုအားကျပြီးလျှောက်လုပ်ထားတာ ဘာမှတော့မဆိုင်ဘူးပေါ့လေ ဘာမှကိုမဆိုင်ပါဘူး!!
paradisefalls Sunday, September 18, 2011 Comments (0 )
Labels: My Ps
Tuesday, September 13, 2011
ဂြိုလ်သားတစ်ယောက်
အင်း...၉နှစ်ဆိုတော့ငယ်ရုပ်တွေပျောက်ကုန်လောက်ရောပေါ့ ဟုတ်တယ်မဟုတ်လား? ဒါပဲနော်ချစ်ဆူး နင့်ဓါတ်ပုံငါ့ဆီပို့ဖို့မမေ့နဲ့ဦး ကျန်းမာရေးဂရုစိုက် bye!! ”
ထိုင်းမှာနေတဲ့သူ့အစ်မက မလေးမှာအလုပ်လုပ်နေတဲ့သူ့ဆီဖုန်းလှမ်းဆက်တာပါ၊ ဟိုကဖုန်းချသွားမှသူပြန်စဉ်းစားမိတယ်
သူချောလာသလား? အရုပ်ဆိုးဆိုးကြီးဖြစ်သွားသလား? နဂိုရုပ်ပဲလား? အဲဒီအမေးကိုဖြေဖို့ရာနည်းနည်းခက်နေတယ် ဘာကြောင့်လဲဆိုတော့ သူမှန်မကြည့်ဖြစ်တာပဲ ၉နှစ်ကျော်နေပြီ
သူများမျက်နှာတွေချည်းလိုက်လိုက်ကြည့်လွန်းလို့သူ့မျက်နှာ သူပြန်ကြည့်ဖို့မေ့သွားတယ် ဒီလိုနဲ့သူဋ္ဌေးကိုမှန်တစ်ချပ်ဝယ်ခဲ့ပေးဖို့သူပြောလိုက်တယ်
“မှန်”ကို မလေးလိုမပြောတတ်လို့တော်တော်ကြီးဂွကျနေလိုက်သေးတယ် ၊ နောက်မှသူဋ္ဌေးကသဘောပေါက်သွားတယ်။
နောက်တစ်နေ့မှာသူဋ္ဌေးက သူ့အတွက်မှန်တစ်ချပ်ယူလာခဲ့တယ်၊ မှန်ကိုအခန်းထဲယူသွားပြီးကြည့်မယ်အလုပ်မှာ ဘာမှန်းမသိရင်တွေဘာတွေတောင်ခုန်နေလိုက်သေးတယ်။
မတော် သူ့ရုပ်က ကိုးရီးသားမင်းသားလိုချောနေရင်ဆိုတဲ့အတွေးကတစ်မျိုး ၊ မျောက်တစ်ကောင်လိုပြောင်ချော်ချော်ဖြစ်နေရင်ဆိုတဲ့အတွေးကတစ်မျိုး သူ့စိတ်နဲ့သူ ဝူးဝူးဝါးဝါးဖြစ်နေတာပါ။
ဒီလိုနဲ့မှန်ကိုမျက်နှာရှေ့တည့်တည့်မှာသူထောင်လိုက်ပါတယ် မျက်လုံးတွေကိုသေသေချာချာဖွင့်လိုက်ပါတယ်
အကြည့်တွေကိုမှန်ထဲကပုံရိပ်ဆီအကုန်လွှတ်လိုက်ပါတယ်........
..........................................
..........................................
..........................................
“ခွမ်း”ဆိုတဲ့အသံနဲ့အတူသူ့အခန်းပတ်ပတ်လည်မှာ မှန်အစအနတွေလွင့်စင်ပြန့်ကျဲကုန်တယ်၊
လူတစ်ကိုယ်လုံးလည်းနတ်ကျနေသလိုတဆတ်ဆတ်တုန်နေတယ်....
“အဲဒါ...... အဲဒါ....အဲဒီမှန်ထဲမှာပေါ်နေတာ....ကိုးရီးယားမင်းသားတစ်ယောက်မဟုတ်ဘူး... မျောက်တစ်ကောင်လည်းမဟုတ်ဘူး...
အဲဒါ... လူတောင်မဟုတ်ဘူး... အဲဒါ...အဲဒါ....ဂြိုလ်သားတစ်ကောင်ပဲ.... ဟုတ်တယ်....ဂြိုလ်သား....ဂြိုလ်သား....!!!!!! ”
ဝရူးဝရူးနဲ့သူ့ပါးစပ်ကအသံတွေထွက်လာတယ်...
သူသိလိုက်ပြီ ခြောက်ခြောက်ချားချားးကြီးကိုသိလိုက်ရပြီ သူ...လူစားလဲခံလိုက်ရပြီ ..။
၉နှစ်ကျော်ဆိုတဲ့ကာလမှာ “သူ”ဆိုတာဘယ်ရောက်သွားပြီလဲ? သူ့မျက်လုံးနှစ်လုံးက စောင့်ကြည့်ဖို့မေ့လျော့နေခဲ့တာကိုအခွင့်ကောင်းယူပြီး ဘယ်သူကသူ့ကို
ဂြိုလ်သားတစ်ကောင်နဲ့အစားထိုးခဲ့သလဲ? သူ့အတွေးတွေချာလပတ်ရမ်းကုန်တယ်။
.......................
.......................
“ကယ်ပါ”
“တန်ခိုးရှိတဲ့နတ်တစ်ပါးပါး ကျနော့်ကိုကယ်ပါ”
“ကျနော့်အဝန်းအဝိုက်တွေ အလျားအနံတွေ ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပြီ”
ဘလပ်ဘလပ်နဲ့သူအော်ဟစ်နေမိတယ်။
ကယ်ပါ ဆိုတဲ့စကားဟာ သူ့ရဲ့ငယ်ပါလည်းမဟုတ်တဲ့အတွက် နတ်တွေနားရှုပ်ကုန်မှာစိုးလို့
ရှင်းအောင်လည်းသူကြိုးစားပန်းစားပြောရသေးတယ်
“ကယ်ပါ”
“ကယ်ပါ”
“ကယ်ပါ”
ဆိုရရင် ..အော်နေရင်းတန်းလန်း ပြောနေရင်းတန်းလန်းမှာ သူ...လုံးဝ..ပစ်စလက်ခတ်ကို ခိုကိုးရာမဲ့သွားတယ်။
ထိုင်းကသူ့အစ်မဖုန်းဆက်လာမှာကြောက်လို့ အဲဒီနေ့ကစပြီးသူဖုန်းကဒ်ပြောင်းလိုက်တယ်၊
ကြည့်မှန်တစ်ချပ်ကိုရိုက်ခွဲပြီးတဲ့နောက်ကြောင်တောင်တောင်ကြီးဖြစ်သွားတဲ့သူ့ကို သူငယ်ချင်းတွေက ကွယ်ရာမှာ“ဂေါက်”လို့ခေါ်ကြတယ်။
တခါတခါ ကောင်းကင်ကိုမိုက်ကြည့်ကြည့်ပြီးသူ့ပါးစပ်ကဟောဒီစကားတွေလည်းထွက်လာတတ်သေးတယ်...
“မအေပေးဂြိုလ်သား”တဲ့...။ ။
ပြောရမယ်ဆိုရင်...ဇာတ်လမ်းကကျေနပ်စရာလည်းကောင်းတယ် ကြေကွဲစရာလည်းကောင်းတယ် ဟုတ်တယ်လေ ဒီကမ္ဘာမှာရှိတဲ့ဘယ်လိုလူသားတစ်ယောက်ကများ
ကိုယ့်မျက်နှာ ကိုယ်ပြန်ကြည့်နိုင်ခဲ့ကြတာမှတ်လို့ မှန်ထောင်ကြည့်မှမြင်ရတဲ့မျက်နှာကရော ကိုယ့်မျက်နှာအစစ်ဟုတ်လို့လား? ဓါတ်ပုံထဲကပုံရိပ်တွေရော ကိုယ့်မျက်နှာနဲ့
ပတ်သက်လို့လူတကာရဲ့မှတ်ချက်တွေဆိုတာကရော အခြေအနေမှန်နဲ့ဘယ်လောက်နီးစပ်လို့လဲ?
တကယ်တော့.... လူဆိုတာ ကိုယ့်မျက်နှာနဲ့ကိုယ် နီးမလိုနဲ့ဝေးနေကြရတဲ့ သနားစရာသတ္တဝါပဲမဟုတ်လား?
ပြဿနာက မျက်လုံးကို မျက်နှာမှာတပ်ထားတာကစတာပဲ ။ ။
(အပုံကိုgoogleကယူပါတယ်)
paradisefalls Tuesday, September 13, 2011 Comments (0 )
Labels: မှတ်စု
ကြယ်
ခလုတ် ကန်သင်းတွေလည်းရှိလိမ့်မယ်
ဒါပေမယ့် ဘာပဲဖြစ်ဖြစ်
ငါတို့ အိမ်ကို ရောက်အောင်ပြန်ကြမယ် ။
paradisefalls Comments (0 )
Labels: ကဗျာ
Monday, September 12, 2011
“သုည”
ဒါတောင် ငါ့မှာ...
မြေကြီးကိုမက်ရကောင်းနိုးနိုး
ကောင်းကင်ကို မက်ရကောင်းနိုးနိုးနဲ့ ။
(အပုံကိုgoogleကယူပါတယ်)
paradisefalls Monday, September 12, 2011 Comments (0 )
Labels: ကဗျာ
အလင်းစက်
နေကအနောက်ဂေါ်ယာကျွန်းကိုဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားတယ် ကောင်းကင်ကိုမော့ကြည့်လိုက်တော့ အမှောင်ထုတွေက
တအိအိနဲ့ပဲ့ဆင်းကျလာနေတယ်၊ အသံသာတဲ့ ကျနော့ရဲ့ကြိုးခြောက်ချောင်းတပ်တူရိယာလေးကို ဘေးမှာထားပြီးမှောင်ရီလာနေတဲ့ညထဲ
အလိုက်သင့် အလျားသင့်ကျနော်စီးမျောနစ်ဝင်နေလိုက်တယ်။
တမိုးချုပ်ခဲ့ပြန်ပြီလေ... တခါတုန်းကဆိုရင် ဒီလိုညမျိုးတွေမှာ တစ်ယောက်သောသူအတွက်ရွယ်စူးပြီး ဟောဒီကြိုးခြောက်ချောင်းတပ်တူရိယာလေးနဲ့
ကျနော့်မှာ ဆိုလိုက်ရတဲ့အချစ်သီချင်းတွေ ကောင်းကင်ထောင့်ချိုးမှာကြယ်တွေတောင်အိုင်ထွန်းတယ် ဘယ်ကမ္ဘာ ဘယ်သတ္တဝါဆီမှာမှ
ရှာဖွေလို့မရနိုင်တဲ့ အကြွင်းမဲ့နှောင်တွယ်ခြင်းမျိုးနဲ့သူ့ကိုကျနော် သန့်ရှင်းမြင့်မားစွာချစ်ခဲ့ပါတယ် အဲဒါကို သူလည်းသိ ကျနော်လည်းသိ
နတ်ဒေဝတာတွေတောင်အကုန်သိပေါ့။
ခုတော့လည်း... ဖြောင့်ဖြူးမယ်လို့ထင်မှတ်ခဲ့တဲ့ကျနော်တို့နှစ်ယောက်ရဲ့ဇာတ်လမ်းဟာ လမ်းတစ်ဝက်အရောက်မှာပဲ ယုံနိုင်စရာမရှိအောင်
တွန့်လိမ်ကောက်ကွေးကုန်တယ် ကောင်းကင်ရယ် မြေကြီးရယ်ကိုတောင် ဘယ်လိုမျက်နှာပြရမှန်းမသိတော့ဘူး ကျနော့်မှရှက်လိုက်တာ ။
မြတ်နိုးလွန်းလို့ရင်ခွင်မှာထားမိပါတယ် “ဝုန်း”ကနဲထပေါက်မှ ဗုံးတစ်လုံးမှန်းသိလိုက်ရသူလို အချစ်ဆိုတာကိုကျနော် လျှာထွက်မတတ် ထိတ်လန့်သွားခဲ့မိတယ်
ဘာပဲပြောပြောပါလေ....ခုဆိုရင် သူက တစ်ပါးသူရဲ့ရင်ခွင်မှာ ပျော်နေလောက်ပါပြီ ကျနော့်ကိုလည်း မေ့နေလောက်ပါပြီ။
ညလေအေးအေးက ညမွှေးပန်းရနံ့တွေတပြုံတမကြီးသယ်လာပြီးကျနော့်ကိုဝင်တိုက်သွားတယ် အရှေ့မိုးကုတ်စက်ဝိုင်းဆီမှာတော့
တိမ်ညိုတိမ်မည်းတွေကို အလင်းလက်တံတွေနဲ့အသာအယာထိုးခွဲဖယ်ခွါပြီး ငွေလမင်းကရွှန်းရွှန်းစားစားကြီးထွက်ပြူလို့လာခဲ့ပြန်ပြီ ၊
ဒီတညတော့ ကျနော်သီချင်းဆိုဖြစ်မယ်မထင်တော့ဘူး နောက်ညတွေမှာလည်းဆက်ဆိုဖြစ်ဖို့မသေချာတော့ပါဘူး အချစ်မရှိတော့တဲ့နောက်
သံစဉ်တွေလည်း အ သွားကြကုန်ပြီထင်ပါရဲ့ ။
“ကဲ... သီချင်းမဆိုဖြစ်မယ့်အတူတူစကားပဲပြောကြရအောင်”
ကျနော်အဲလိုပြောတော့ဘေးမှာထိုင်နေတဲ့ ကျနော့်ရဲ့ကြိုးခြောက်ချောင်းတပ်တူရိယာလေးက တဝါးဝါးသမ်းဝေရင်းကကျနော့်ကိုခေါင်းပြန်ညိတ်ပြတယ်။
“မင်းစဉ်းစားကြည့်ကွာ.... ငါ့မှာဘယ်လောက်တောင်မှဖြစ်နေရသလဲဆိုရင် အိမ်သာတက်တဲ့အချိန်မှာတောင်သူ့ကိုတမ်းတမ်းတတ
ဖြစ်နေရတယ် ဒါကိုကြည့်ခြင်းအားဖြင့် သူ့ကိုချစ်တဲ့ငါ့ရဲ့အချစ်တွေဟာ အချစ်အတွက်နဲ့ထီးနန်းစွန့်ဝံ့တဲ့အက်ဒွတ်ဘုရင်ရဲ့
အချစ်ထက်တော့ အလုံးရောအထည်ရော အလျားရောအနံရော မလျော့ဘူးဆိုတာသေချာတယ် ဟုတ်တယ်မဟုတ်လား?”
ကျနော်အဲလိုပြောတော့တူရိယာလေးကသဘောကျပြီးတခွိခွိနဲ့ရယ်တယ်။
“တကယ်တော့ကွာ သက်ရှိအားလုံးရဲ့ရှင်သန်ခြင်းအတွက် အလင်းဆိုတာမရှိမဖြစ်အရေးကြီးလှသလို ငါ့နှလုံးသွေးပုံမှန်လည်ပတ်ဖို့အတွက်လည်း
သူ့ရဲ့ချစ်ခြင်းတွေကမရှိမဖြစ်လိုအပ်လှတယ် ဟုတ်တယ်မဟုတ်လား?”
ကျနော်အဲလိုပြောတော့တူရိယာလေးကသဘောတူပြီးခေါင်းညိတ်ပြတယ်။
“မင်းကိုယ်ချင်းစာကြည့်ကွာ ခုမှချစ်မလို့လုပ်တုန်း ဗြုန်းကနဲဆိုမုန်းခန်းကိုတန်းရောက်သွားတယ် ဇာတ်လမ်းကပိုးစိုးပက်စက်ကြီးကို
ကြေကွဲပစ်ဖို့ကောင်းနေတယ် ဟုတ်တယ်မဟုတ်လား?”
ကျနော်အဲလိုပြောတော့တူရိယာလေးက....
....................
.....အဲ....တူရိယာလေးက....ကျနော့်ရဲ့ကြိုးခြောက်ချောင်းတပ်တူရိယာလေး
အသံသာတဲ့တူရိယာလေး.... တရှုးရှုးနဲ့ကိုဟောက်ပြီးအိပ်သွားပါပကောလား ..
ကောင်းကင်နဲ့မြေကြီးမှာတော့ လကဖိတ်စင်ထွက်ကျလာတဲ့အလင်းစက်တွေနဲ့ပြာလဲ့ဝေ့သီလို့ပေါ့ ။ ။
paradisefalls Comments (0 )
Labels: မှတ်စု