Sunday, September 25, 2011

Interview

သူတို့ရဲ့သွေးစည်းမှု ၊ဇွဲရှိမှု ၊ ဘာမထီသတ္တိခဲနဲ့ သတ်ရဲသေရဲမှုဟာ ကျနော့်ကို ခြောက်ခြောက်ချားချားအံ့သြထိန့်လန့်စေတယ်။
ရန်သူဟေ့လို့ သိလိုက်တာနဲ့အရိုးကြေကြေအရေခမ်းခမ်း ယှဉ်ပြိုင်တိုက်သတ်ဖို့ အသိုက်အအုံထဲကနေအူယားဖားယား ပြေးထွက်လာကြပုံများ မြင်ရတဲ့ကျနော့်ပါးစပ်ကနေ “ဟင်”ကနဲ “ဟာ”ကနဲဆိုတဲ့အာမေဋိတ်တွေ အတုံးလိုက် အတစ်လိုက်
ထွက်ကျစေတယ်။ သူတို့ရဲ့ရန်သူဆိုတာ တိရစ္ဆာန်တစ်ကောင်လည်းဖြစ်ချင်ဖြစ်မယ်၊ လူလည်းဖြစ်ချင်ဖြစ်မယ် သေချာတာတော့ သူတို့ဟာ သူတို့ထက်ကိုယ်ခန္ဓာအဆပေါင်း ဘယ်လောက်ကြီးမားတဲ့ရန်သူကိုပဲဖြစ်ဖြစ် လုံးဝမမှုဘူးဆိုတာပဲ။
ဒီတစ်ခါတော့ သူတို့ကိုကျနော်အင်တာဗျူးဖြစ်ခဲ့ပါတယ်။
သူတို့ဆိုတာက သူတို့ထဲကသူတို့ကိုယ်စား သတ္တိအရှိဆုံး၊ တိုက်ရည်ခိုက်ရည်အကောင်းဆုံးနဲ့တိုက်ပွဲအတွေ့အကြုံအများဆုံး
ဆိုတဲ့ သူရဲကောင်းတစ်ဦးကိုရွေးချယ်ဗျူးခဲ့ခြင်းပါပဲ………..

ကျနော်။  ။ ကဲ…ညီလေးရေ..မင်းတို့ရဲ့သတ္တိကတော့ကမ္ဘာနဲ့အဝန်းမှာ ပြောမဆုံးပေါင်တောသုံးတောင်ဖြစ်နေပါပြီ ကမ္ဘာသူ
               ကမ္ဘာသားတွေအယောင်ယောင်အမှားမှားနဲ့အံ့သြတုန်လှုပ်ရတဲ့အထိ
               ပြောင်မြောက်လွန်းတဲ့မင်းတို့ရဲ့သတ္တိကို ဘယ်နည်းဘယ်ပုံများမွေးဖွားယူခဲ့ကြသလဲဆိုတာ  
               အပန်းမကြီးရင် အစ်ကို့ကို ပြောပြစေချင်ပါတယ်။

ခါချဉ်။  ။ဟုတ်ကဲ့…ကမ္ဘာမှာခါချဉ်ဟေ့ရယ်လို့ကြွေးကြော်နိုင်လောက်အောင်ကျနော်တို့သတ္တိပြောင်ရတဲ့
                   အကြောင်းရင်းကတော့
                   နံပါတ်(၁) ကျနော်တို့ဟာထိပ်ပြောင်တယ်
                   နံပါတ်(၂) ကျနော်တို့ဟာဖင်ပြောင်တယ်
                   အဲတော့ကာ…မထူးတော့ပါဘူးလေဆိုပြီး နံပါတ်(၃)မှာ“သတ္တိ”ကိုပါကျနော်တို့“ပြောင်”လိုက်ရတာပါပဲ ၊
                   ဒါပါပဲအစ်ကို..

ကျနော်။  ။ အဟဲဟဲ.. ညီလေးကပျော်တတ်တယ်ထင်တယ် အစ်ကိုဆိုလိုတာကလေ ညီလေးတို့အခုလို သတ်ရဲသေရဲအောင်
               ညီလေးတို့ခေါင်းဆောင်က ညီလေးတို့ကို ဘယ်လိုအဆွယ်တရားတွေဟောပြီး စည်းရုံးထားလဲ?     
               ဘယ်လိုမက်လုံးတွေ ရာထူးတွေပေးပြီး ခိုင်းစေထားသလဲ? ဒါမှမဟုတ် မူးယစ်ဆေးနဲ့နွယ်တဲ့ ဥပမာ စိတ်ကြွဆေး
               မျိုးပေါ့လေ  အဲလိုဆေးတွေ ဝါးတွေများ တိုက်ကျွေးထားတာလားဆိုတာကိုပါ

ခါချဉ် ။   ။ ဒီလိုရှိပါတယ်အစ်ကို ယေဘုယျအားဖြင့်တော့ ကျနော်တို့ခါချဉ်မျိုးတွေဟာ မွေးကတည်းက သတ္တိက ကောင်းနေ
              ပြီးသားပါ အခြားမကြည့်နဲ့လေ ဘုရားလောင်းတော်ဆန္ဒန်ဆင်မင်းကိုတောင်မှကျနော်တို့ရဲ့ဘိုးဘေးဘီဘင်
              ခါချဉ်တွေကကိုက်ရဲခဲ့သေးတာပဲ အလောင်းတော်ဆန္ဒန်ဆင်မင်းအကြောင်းပြောမယ်ဆိုရင် စူဠသုဘဒ္ဒါရယ်             
              မုဆိုးရယ်က မပါမပြီးသလို ကျနော်တို့ခါချဉ်ကောင်ရဲ့အခန်းကဏ္ဍကလည်းမသေးခဲ့ပါဘူး တချို့ကတော့
              ဇာတ်တော်ထဲမှာ ကျနော်တို့ကိုဗီလိန်အဖြစ်မြင်ချင်မြင်ကြမှာပေါ့လေ ဒါကအရေးမကြီးပါဘူး ကျနော်ပြောချင်တာက
              သမိုင်းတွေမှာကျနော်တို့ရဲ့ အရေးပါအရာရောက်မှုဟာသိပ်မသေးခဲ့ဘူးဆိုတာကိုပဲ ခြွင်းချက်အနေနဲ့တော့ တချို့
              ခါချဉ်တွေက ခါချဉ်ဖြစ်ရတဲ့ဘဝကိုအရမ်းကျေနပ် အရမ်းသာယာနေကြတာ  သာယာနေပျော်ဖွယ်ဖြစ်အောင်လည်း
              ခါချဉ်ဘဝကိုအစစအရာရာပြည့်စုံကောင်းမွန်အောင်ဘုရားကဖန်ဆင်းပေးခဲ့တာကိုး အစ်ကိုတို့လို လူဖြစ်ရုံကုသိုလ်
              အစုတ်အပဲ့လေးလောက်နဲ့တော့ ကျနော်တို့ရဲ့ ခါချဉ်ဘဝကို ဘယ်မှန်းနိုင်ပါ့မလဲ ဆိုလိုတာကဗျာ ခါချဉ်ဘဝဟာ
              ရဖို့ခဲယဉ်းတယ် သိကြားမင်းအဖြစ်နဲ့တောင်မလဲနိုင်တဲ့ဘဝမျိုး ဘယ်ရှုထောင့်ကပဲကြည့်ကြည့် တွယ်တာမက်မော
              စရာကြီး တချို့ကိုယ့်ဘဝကို ကိုယ်ပြန်အမက်မောလွန်တဲ့ခါချဉ်တွေကျတော့ တစ်ခုခုဖြစ်ပြီးသေမှာကိုကြောက်နေ
              ကြရော သူရဲဘောကြောင်တာပေါ့လေ  အဲလိုသူရဲဘောကြောင်တော့ “ရန်သူဟေ့” “သတ်ကြဟေ့”ဆိုတဲ့အသံကြား
             ရင်နည်းနည်းဖင်တွန့်ချင်ကြတယ်  အဲဒါကို အမြှော်အမြင်ကြီးမားပြီး ဥာဏ်အရာမှာတစ်လောကလုံးထက်သာလွန်တဲ့
             ကျနော်တို့ခေါင်းဆောင်က“မင်းတို့ဘာမှမကြောက်နဲ့ ရှေ့တန်းကိုရဲရဲတက် ရဲရဲတိုက် ရဲရဲသေ သေမှာကိုမကြောက်နဲ့
             ခါချဉ်သေရင်ခါချဉ်ပဲပြန်ဖြစ်တယ် မင်းတို့ဟာ ဘဝအဆက်ဆက်ကကြီးမားတဲ့ပါရမီအဟုန်ကြောင့်အနှိုင်းအဆမဲ့သာ
             လွန်တဲ့ခါချဉ်ဘဝကိုရတာဖြစ်တယ် ဒီလိုကြီးမားတဲ့ပါရမီအဟုန်ဟာမင်းတို့ကိုခါချဉ်အဖြစ်ကနေဘယ်လိုနည်းနဲ့မှမရွှေ့
             လျားစေဘူး မြန်မြန်သေလေ မြန်မြန်ပြန်ဖြစ်လေပဲ မစိုးရိမ်ကြလင့် ကျူးကျော်လာသူနယ်ချဲ့မှန်သမျှချေမှုန်းကြလော့
             တိုက်ခိုက်ကြလော့ ရဲရင့်ကြလော့ သေကြေကြလော့”ဆိုပြီး အင်မတန်လေးနက်တန်ဖိုးကြီးတဲ့သြဝါဒတွေပေးတယ်
             ဒီပုံဒီနည်းနဲ့ကျနော်တို့ခါချဉ်တွေဟာ သတ္တိအရာမှာကမ္ဘာကလက်ဖျားခါရတဲ့အထိသာလွန်ခဲ့ရတယ်ဆိုပါတော့…

ကျနော်။  ။ အရမ်းပြည့်စုံကောင်းမွန်တဲ့အဖြေပါပဲ ကမ္ဘာသူကမ္ဘာသားများကလည်းဒီအဖြေကိုကျေနပ်ကြမှာပါ တစ်လက်
              စတည်း အပန်းမကြီးဘူးဆိုရင် ညီလေးတို့ရဲ့အမြင့်ဆုံးပန်းတိုင်နဲ့ရည်မှန်းချက်ဟာ ဘာလဲဆိုတာအစ်ကို့ကိုပြောပြ
              ပေးနိုင်မလား?

ခါချဉ်။  ။  ဟုတ်ကဲ့… ကျနော်တို့ဟာသတ္တဝါတွေအားလုံးထဲမှာ အသာလွန်ဆုံး အကြီးကျယ်ဆုံး အမြင့်မြတ်ဆုံးပဲဆိုတာ
             ကိုတော့ ထူးပြီးပြောနေစရာမလိုတော့ပါဘူး ကျနော်တို့ဘယ်လိုနေနိုင်တယ် ဘယ်လိုထိုင်နိုင်တယ်ဆိုတာ အစ်ကိုတို့
             အသိပဲဖြစ်ပါတယ် ကျနော်တို့ရဲ့အမြင့်မားဆုံးရည်မှန်းချက်ကတော့ တစ်နေ့ကမ္ဘာကိုအုပ်စိုးရမယ်ဆိုတာပါပဲ
             တစ်ကယ်တော့လည်း ခါချဉ်တွေအတွက်ဆိုပြီး ဘုရားက ကမ္ဘာကိုဖန်ဆင်းပေးခဲ့တာပါ ခေတ်အဆက်ဆက်က
             ကမောက်ကမဖြစ်ခဲ့မှုတွေကြောင့်သာကျနော်တို့ခါချဉ်တွေချောင်ရောက်ခဲ့ကြရတာပါ အခုတော့စလာပါပြီ
             ကမ္ဘာကိုကျနော်တို့အုပ်စိုးဖို့လုပ်ပါတော့မယ် သတ္တိအရာမှာကျနော်တို့ကိုယှဉ်နိုင်လောက်တဲ့သတ္တဝါလည်း ဒီကမ္ဘာ
             မှာမရှိဖူးသေးဘူးမဟုတ်လား ?

ကျနော်။  ။  အစစ်ပဲညီရေ့ ညီတို့ရဲ့သတ္တိကတော့စံပါပဲ

ခါချဉ်။  ။  “တပ်မတော်ကြီးလည်းချီလာပါပြီ အောင်တပ်မတော်ကြီးလည်း ချီလာပါပြီ” အဲဒီသတ္တိသီချင်းကို မြိုင်မြိုင်ကြီးသီဆိုပြီး
              ကမ္ဘာကိုကျနော်တို့သိမ်းပိုက်မှာပါ

ကျနော်။  ။  ဟုတ်ပါပြီညီလေးရေ… အခုလိုတာဝန်ဝတ္တရားတွေမအားလပ်နိုင်အောင်စွမ်းစွမ်းတမံဆောင်ရွက်နေရတဲ့ကြားက
                အစ်ကို့အင်တာဗျူးကို စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ရှိကြောင်းပါ
                အစ်ကိုလည်းညီတို့နဲ့ထပ်တူ ဆန္ဒပြုခဲ့ပါတယ်
                 “အရေးတော်ပုံ အောင်ပါစေ”
                 “အရေးတော်ပုံ အောင်ပါစေ”
                 “အရေးတော်ပုံ အောင်ပါစေ”

1 Responses (Leave a Comment):

mosquito said...

ပြောင်မြောက်ပါပေ့.... :D